တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် အောက်တိုဘာ ၁၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကျင်းပမည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်းပေးရမည့်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဘုရားလှည့်လည်သည့် နေရာတွင် လမ်းတစ်လျှောက် လမ်းများကောင်းမွန်အောင် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊  ထားဝယ်တွင် စည်ကားဆုံးပွဲတော်များဖြစ်သည့် သင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်၊ သီတင်းကျွတ်သပိတ်မျှောပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပွဲတို့ဖြစ်ကြောင်း၊ ဘုရားလှည့်လည်ပူဇော်ပွဲတော်သည် ထားဝယ်သူ/သားများ၊ မြို့သူ/သားများ အလေးထားသည့်ပွဲတော်ဖြစ်ပြီး ဘုရားလှည့်လည်ရာ လမ်းတစ်လျှောက်တွင်လည်း စိတ်အေးချမ်းသာစွာဖြင့် ပျော်ရွင်စွာဖူးမြော်ကြည်ညိုနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားအား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ စည်ကားမြိုက်သိုက်စွာဖြင့်ကျင်းပနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လက်ခံဆက်ကပ်ရေးလုပ်ငန်း၊ ပဒေသာပင်များ နေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်း၊ ဘဏ္ဍာငွေဆိုင်ရာလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်းနှင့် ဘုရားကြီးဂေါပကအဖွဲ့မှကြီးမှူး၍ ရပ်ကွက်ပေါင်းစုံပါဝင်သော ထားဝယ်ဒေသ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် (၁၁၃)ကြိမ်မြောက်တန်ဆောင်တိုင်ပွဲတော် နှစ်ကျိပ်ရှစ်ဆူလှည့်လည်ပူဇော်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)