ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး

ပုသိမ် အောက်တိုဘာ ၁၉

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် မျက်စိခွဲစိတ်ကုသရန် လာရောက်သည့် မျက်စိဝေဒနာရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများက အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်၊ ဒီပါရုံကျောင်းတိုက်ဆရာတော်နှင့် သီတာရုံကျောင်းတိုက်ဆရာတော်တို့အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများက ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မျက်စိစမ်းသပ်ခွဲစိတ်ပေးနိုင်ရန်အတွက် မျက်စိဝေဒနာရှင်များအား စာရင်းရေးသွင်းခြင်းနေရာသို့သွားရောက်၍ မျက်စိစမ်းသပ်ပြသမည့် ပြည်သူများမှ စာရင်းလာရောက်ပေးသွင်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး စာရင်းပေးသွင်းမှုအခြေအနေများ၊ သွားလာမှုအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားမှုများအား ပြောကြားခဲ့သည်။ ထို့နောက် မျက်စိစမ်းသပ်ပြသမည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပြီး မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမည့်အစီအစဉ်များ၊ သွားလာရေးနှင့် နေထိုင်ရေးအဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုများ၊ အာဟာရဒါနစားသောက်ဖွယ်ရာများ လှူဒါန်းပေးမည့်အခြေအနေများအား အားပေးပြောကြားခဲ့သည်။ ဆက်လက်၍ မျက်စိစမ်းသပ်ခန်းများ၊ မျက်စိခွဲစိတ်ကုသမည့်သူများ စမ်းသပ်မည့်နေရာ၊ ကွန်ပျူတာဖြင့် မျက်စိစမ်းသပ်ခြင်းဆောင်ရွက်နေမှုများနှင့် လာရောက်ပြသသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ မျက်စိအထူးကုဆရာဝန်ကြီးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် မျက်စိစမ်းသပ်ပြသမည့်သူများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုမှ နေ့လယ်စာအာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြသည်။

ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများက   အောက်တိုဘာလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ မျက်စိစမ်းသပ်ခြင်းနှင့် (၂၁)ရက်နေ့မှ(၂၆)ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ဝန်ထမ်းများက ခေတ်မီစက်ကိရိယာများဖြင့် ခွဲစိတ်ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပသည့် ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ပုသိမ်ဇုန်)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)