မကွေး အောင်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးတက္ကသိုလ်နှင့် မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမ များအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးနှင့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အဆိုပါဘာသာရပ်ဆိုင်ရာနည်းပြများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူသားအရင်းအမြစ်က အဓိကအကျဆုံးဖြစ်သလို လူ့စွမ်းအားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးစေဖို့ကလည်း ပညာရေးမြင့်မားဖို့က အရေးပါ ကြောင်း၊ ယခုကဲ့သို့သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချမှုမှာ လွန်စွာအရေးကြီးပြီး လက်တွေ့လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့်အကြောင်းအရာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရရှိစေမည်ဖြစ်သည့်အတွက် စနစ်သစ် ပညာရေး၏ ရည်မှန်းချက်များ အောင်မြင်စေရန် အထောက်အကူပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဆရာကောင်းတစ်ယောက်ဖြစ်လာစေရန်လေ့ကျင့်သင်ယူကြဖို့တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မကွေးတက္ကသိုလ်၊ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုချိုလွင်က အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်မှ ၁၈ ရက်နေ့ထိ မကွေးတက္ကသိုလ်ရှိ ဘာသာရပ်ကျွမ်းကျင်နည်းပြများ၊ ကထိကများနှင့် ပါမောက္ခများမှ သိပ္ပံဘာသာရပ် အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ (၁၄၇၅) ဦးတို့အား ဆွေးနွေးပို့ချပေးသွားမည့်ဖြစ်ကြောင်းသိရှိရသည်။
မောင်ခိုင်မင်း