မကွေးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

မကွေး  အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်(၂၀)ဆိုင်အား မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး၊ ဦးစိုးသူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်(၂၀)အား မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်(FSC)အမြန်ဆုံး ရရှိရေးဆောင်ရွက်သွားရန်၊ အကြံပြုချက်ရယူထားရှိပြီးသော စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်(FSC)အမြန်ဆုံး ရယူဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးတပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်း ကိရိယာများ အဆင်သင့်ဖြစ်စေရေး စီမံဆောင်ရွက်ထားရန်၊ ရေရှိရေးစီမံ ဆောင်ရွက်ထားရန်၊ စက်သုံးဆီဆိုင် ဝန်ထမ်းများအား မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ လက်တွေ့ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ပေးခြင်းများ စီမံဆောင်ရွက်သွားရန်တို့ကို စစ်ဆေးအကြံပြု ဆောင်ရွက်ခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက်စက်ရုံ၊ အလုပ်ရုံများ စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များ၊ ဈေးများ၊ ဟိုတယ်၊ မိုတယ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦများ၊ ရုံးဌာနများ၊ ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးသတိပြုရေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)