မုံရွာ အောက်တိုဘာ ၁၉
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ဘိုးဘွားလက်ထက်ကတည်းမှ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ၊ သုခုမအနုပညာရပ်များ၊ ယဉ်ကျေးသိမ့်မွေ့လှသည့်မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှ လောကနီတိကျင့်ဝတ်များနှင့် ဗြဟ္မစိုတရား ၄ ပါးတို့အား ကမ္ဘာတည်သရွေ့ အစဉ်ရှင်သန်ထွန်းကားနေစေရန် တစ်မျိုးသားလုံးမှ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲကြီးတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသူများ အနေဖြင့်လည်း မိမိတို့၏အောင်မြင်မှုများအား ပို၍ပို၍ထူးချွန်ထက်မြက် အောင်မြင်အောင် ရွှေတံဆိပ်ဆုများထပ်ခါထပ်ခါ ဆွတ်ခူးရရှိနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ နေပြည်တော်ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီး/ပြည် နည်အသီးသီးမှလာရောက်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ချစ်ကြည်ရင်းနှီးမှုများတည်ဆောက်ခဲ့ပြီးဖြစ်သည့်အတွက် ထာဝရစည်းလုံးညီညွတ်သောခိုင်မြဲသည့် ပြည်ထောင်စုကြီးအား တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် (အဆင့်မြင့်) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ (အဆင့်မြင့်) အရေးပြိုင်ပွဲနှင့် ၁၅-၂၀ ဆောင်းအတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိကြသူများ အား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရ ပြိုင်ပွဲဝင် များထံ ဘာသာရပ်အလိုက် နိုင်ငံတော်အဆင့် ပထမ/ဒုတိယ/တတိယ ဆုများရရှိခဲ့ကြသည့် အနုပညာရှင်ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက ဝါရင့်အနုပညာရှင် ဆရာကြီး/ဆရာမကြီးများနှင့် အောင်နိုင်ရေး ကော်မတီဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၆) ကြိမ်မြောက် မြန် မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင်ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးများဖြင့် ပြန်လည်သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသော အနုပညာရှင်၊ အတက်ပညာရှင်များနှင့် အခမ်း အနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ရိုးရှိ သီတဂူဝိပဿနာကမ္မဌာန်းရိပ်သာသို့ ရောက်ရှိရာ သီတဂူ ကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီးနှင့် ဆောင်းတန်းများ ပြန် လည်မွန်းမံတည်ဆောက်နေမှု၊ စေတီတော်ကြီး လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာချပ်များတပ် ဆင်ပြီးစီးမှု၊ ရင်ပြင်တော်အဆင့်မြှင့်တင် ခင်းကျင်းနေမှု၊ အရပ်လေးမျက်နှာရှိ ဗုဒ္ဓရုပ်ပွားတော် များပြုပြင်ပြီးစီးမှုနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွန်းမံနေမှုများနှင့် သာသနာ့ဗိမာန် တော်ကြီး ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ “မဟိယင်္ဂဏ” စေတီတော် မြတ်ကြီးနှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများအသစ်ပြန်လည်မွန်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)