မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများ(MEVM)မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကြည့်ရှုအားပေး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

မြို့သစ် အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၁၇ ရက်နံနက်ပိုင်းက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေသခံပြည်သူများအား (MEVM) မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ကြည့်ရှုအားပေးပြီး ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့သည်။

ထို့နောက် မြေပြင်သာကျေးရွာရှိ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းခန်းမ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်လိုကြောင်း၊ မိမိတို့၏လယ်ယာမြေများတွင် သီးနှံများကို တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီး စိုက်ပျိုးကြရန်လိုကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မြေဆီမြေဩဇာ အချိုးကျမှန်ကန်စွာဖြင့် စိုက်ပျိုးကြမှသာ သီးနှံများအထွက်နှုန်းကောင်းမွန်ပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ ဈေးကောင်းရရှိနိုင်မှာဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ဒေသခံတောင်သူများက ပညာရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍနှင့် အခြားလိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများအား Royal – D အားဖြည့်အချိုရည်များ ဝေငှပြီး အသက် (၇၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)