စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲများ မြိတ်ခရိုင် လုထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

မြိတ်    အောက်တိုဘာ   ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို အောက်တိုဘာ(၁၇)ရက် နံနက်(၁၀) နာရီခွဲကပြုလုပ်သည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက  စာပေ၏တန်ဖိုးနှင့် စာပေဖတ်ရှုသည့် အကျိုးကျေးဇူးများ၊ ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး စာပေနှင့်ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာ ကျောင်းသား/သူများက ပျော်ရွှင်စွာဖြေဆိုခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ရာ ဒို့ကျေးရွာဂျာနယ်တွင်ပါရှိသည့် AI တိုးတက်လာခြင်းနှင့်အတူ ရုပ်ပုံဗီဒီယိုများကို အတုအစစ်သတိထားဆင်ခြင်ရန်လိုအပ်လာ ခေါင်းစဉ်ကို ကျောင်းသား/သူများ ပါဝင်ဖတ်ကြားကြသည်။ ထို့အတူ စာပေဗဟုသုတ စကားပုံဆက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)