ရွှေတောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် အောက်တိုဘာ ၁၈

မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်တွင် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရွှေတောင်မြို့နယ် အ.မ.က (မင်းတဲ)ကျောင်းတွင် အောက်တိုဘာ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရခြင်း၏ အကြောင်းအရင်းများ၊ သိသင့်သိထိုက်သင့်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကို လည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးစသည့်အကြောင်း၊ သဘာဝဘေး ကြိုတင်ကာကွယ် အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား (၈)ချက်တို့ကို အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက “ကစားမက်တဲ့ရွှေငါးလေး" ခေါင်းစဉ်ဖြင့် စက္ကူပြဇာတ်ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပြီး အလွန်ကြီးမားသော မုန်လာဥကြီးပုံပြင်စာအုပ်ကို ပြောပြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းပညာပေးပိုစတာ၊ လေပြင်းဘေး အသိပညာပေး ပိုစတာများပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)