ဘိုကလေး အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သစ်ဖြူချောင်းကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အပါအဝင် အသိပညာပေးဟောပြောပွဲ၊ ပြပွဲများ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲများ၊ ပြပွဲများ ကျင်းပရာသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းများ၊ ကံစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်ကြသော ကျောင်းသား/သူများသည် အနာဂတ်နိုင်ငံတော်အား ဦးဆောင်ဦးရွက်ပြုကြသည့်အချိန်၌ ပညာပြည့်ဝနှလုံးလှသူများ၊ နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်စေရေးအတွက် ယခုအချိန်ကတည်းက စာများများဖတ်ရန်လိုအပ်ကြောင်း၊ စာပေဗဟုသုတ၌ မွေ့လျော်ခြင်းသည် မိမိတို့၏ဘဝ၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ အနာဂတ်နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းက အကျိုးပြု တည်ဆောက်ခြင်းဖြစ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက သက်တမ်းလွန် အစားအသောက်များ၊ ဆိုးဆေးပါသော အစားအသောက်များ၊ ကုန်အညွှန်းအမှတ်တံဆိပ် မပါဝင်သည့် အစားအသောက်များအား ဝယ်ယူစားသုံးမှုမရှိစေရေး အသိပညာပေးဟောပြောသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ၊ ရသ၊ ကဏ္ဍစုံ စာအုပ်စာပေများ၊ ကဏ္ဍစုံ နံရံကပ်စာစောင်များအား ခင်းကျင်းချိတ်ဆွဲ ပြသခဲ့ရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုူခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)