ဇီးကုန်း အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့ အခြေခံပညာကျောင်း အ.မ.က(မူလွန်) သံပုရာကုန်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောရာတွင် ဇီးကုန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို ဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကို ဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က ပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင် ဆောင်ရွက်ထားရှိမှုများကိုပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)