မကွေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်

မကွေး အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ မကွေးတိုင်းဒေသကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများသည် အကျဉ်းဦးစီးဌာန၊ မကွေးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူများအား ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးမှဦးဆောင်၍ တိုင်းပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်သူ့ဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက မကွေးဗဟိုအကျဉ်းထောင်တွင် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ခွဲစိတ်လူနာ(၄၉)ဦး၊ အရိုးအကြောလူနာ (၁၄၆)ဦး၊ ဆီးနှင့်ကျောက်ကပ်လူနာ(၅၅)ဦး၊ အထွေထွေရောဂါလူနာ(၁၃၃)ဦး၊ သားဖွားမီးယပ်ရောဂါလူနာ(၄၉)ဦး၊ အရေပြားရောဂါလူနာ(၁၅၄)ဦး၊ မျက်စိရောဂါလူနာ(၁၆၄)ဦး၊ နားနှာခေါင်းလည်ချောင်းရောဂါလူနာ(၉၃)ဦး၊ စိတ်ကျန်းမာရေးရောဂါလူနာ(၂၁)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၈၂)ဦး စုစုပေါင်းလူနာ(၉၄၆)ဦးတို့အား အခမဲ့ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အထူးခွဲစိတ်ကုသရန်လိုအပ်သော လူနာများကို တိုင်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)