ပခုက္ကူ အောက်တိုဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးမှုကို ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများထံကွင်းဆင်း၍ အသက် ၅နှစ်မှ ၇နှစ်အရွယ် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို အောက်တိုဘာလ ၁၅ရက်မှ ၁၇ရက်အထိ စနစ်တကျထိုးနှံပေးခဲ့ရာ ယနေ့အထိ စုစုပေါင်းကျောင်းသား၊ ကျောင်သူ(၃၅၆၀)ဦးတို့အား ထိုးနှံပြီးစီးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ (ပခုက္ကူ)