ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်စကားဝိုင်းဆွေးနွေး

ဒေးဒရဲ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက သံဖက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးမှူး ဦးကျော်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီးအရာရှိ က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့်  မောင်အောင်မြတ်သူက လူငယ်နှင့် အားကစား၊ မောင်ဖြိုးထက်စံက လူငယ်နှင့်မူးယစ်ဆေး၊ မေသဇင်က လူငယ်နှင့် ကိုယ်ကျင့်တရား၊ မဇင်ဖူးဝေက လူငယ်နှင့် စာပေ စသည့်ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းမှုအား ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးထက်အောင်ဝင်းက  ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော  အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း  သိရသည်။

အေဇာလင်း