ဂန့်ဂေါခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွား

ဂန့်ဂေါ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာနေ အဖဦးဝင်းမင်းကို၊ အမိဒေါ်ယဉ်ယဉ်ထွေးတို့၏ သားဦး သုံးမွှာပူးကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်၊ ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက အောက်တိုဘာ  ၁၆ ရက်  မွန်းလွဲ ၁နာရီ မိနစ် ၄၀ တွင် ပထမကလေးတစ်ဦး၊  ၁နာရီ ၄၁မိနစ်တွင် ဒုတိယကလေးတစ်ဦးနင့်   ၁နာရီ ၄၂မိနစ်တွင်  တတိယကလေးတစ်ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးခဲ့ကြကြောင်း သိရသည်။   

ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ ခုတင်(၁၀၀)ဆံ့ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး မွေးဖွားသည့်မိသားစုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနန္ဒ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှသွားရောက်၍ ယနေ့နံနက် ၁၀ နာရီက ထောက်ပံ့ငွေများကို ပေးအပ်သည်။

အဆိုပါ ထောက်ပံ့ငွေများကို ဗဟိုမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကျပ်သုံးသိန်း၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကျပ်တစ်သိန်းခွဲ၊ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကျပ်သုံးသိန်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကျပ်တစ်သိန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းမှ ကျပ်တစ်သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် ပြည်သူ့ ဆေးရုံကြီးရှိ ကလေးကုသဆောင်ရှိ မွေးလူနာ(၃)ဦးနှင့် ကလေးငယ်များကို လှည့်လည်ကြည့်ရှု၍ တစ်ဦးလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

မောင်မျိုးမင်း