ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာ ၁၂၉၀၉ ဧက လျာထား စိုက်ပျိုးမည်

ပွင့်ဖြူ     အောက်တိုဘာ     ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက စိုက်ပျိုးရန် လျာထားရှိပြီး အဆိုပါ ကျွဲနွားတိရစ္ဆာန်အစာ စိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလ စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက စိုက်ပျိုးသွားဖို့ လျားထားပါတယ်။  သတ်မှတ်စိုက်ဧက ပြည့်မီစေဖို့နဲ့ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုး နိုင်အောင် ဆောင်ရွက်ပေးသွားမယ်။ တောင်သူတွေ အဓိက စိုက်ပျိုးတဲ့ ကျွဲနွားတိရစ္ဆာန် အစာတွေ ကတော့ နှံစားပြောင်း ၊ နေဗီယာမြက်နဲ့ ပဲသီးနှံများကို အများဆုံး စိုက်ပျိုးကြပါတယ်။ ကျွဲနွားတိစ္ဆာန်အစာ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် မျိုးကောင်းမျိုးစေ့များ ဖြန့်ဖြူးပေးခြင်း၊ စိုက်နည်းစနစ်တွေနဲ့ ပိုးမွှားရောဂါ မကျရောက်စေဖို့ ကြိုတင်ကာကွယ်ရမည့် နည်းပညာတွေ အသိပညာပေးခြင်းစတဲ့ တောင်သူပညာပေးလုပ်ငန်းများကို  ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ဖြင့် နှံစားပြောင်း ၊ ပဲမျိုးစုံသီးနှံ ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်း မျိုးသန့် ရွေးချယ်စိုက်ပျိုး နိုင်ရေးပံ့ပိုးကူညီခြင်း၊ သွင်းအားစုများ စနစ်တကျ သုံးစွဲနည်းပညာများ လက်တွေ့သရုပ်ပြသခြင်း ၊ သီးနှံပိုးမွှား ရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်းစသည့် တောင်သူအသိပညာ ပေးလုပ်ငန်းများကို  ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )