ဒေးဒရဲ အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာတိုးပွားစေရေး၊ စာအုပ်စာပေလေ့လာဖတ်ရှုမှုတိုးပွားစေရေးရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲအား အောက်တိုဘာ ၁၃ ရက် နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားဖြစ်ပွားရခြင်းအကြောင်းအရင်းများအား အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် ဒေါ်မိုးသီတာအောင်က မြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရေး အခြေခံပညာမူလတန်းအဆင့် ကဗျာရွှတ်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီသီးပေးအပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာခဲ့ကြကြောင်း သိရသည်။
အေဇာလင်း