အိမ်မဲ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက် နံနက် (၁၁) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မြင့်က ပထမအကြိမ်ကြေညာသည့် မဲစာရင်းများကို မှန်ကန်သည့် မဲစာရင်းများဖြစ်လာအောင်ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးနေဝင်းကြည်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိခြင်း၊ အမည်နေရပ်လွဲမှားခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ခိုင်ဆွေသက်က ကြိုတင်မဲပေးသည့်အကြောင်းအရာများကိုလည်းကောင်း အသီးသီး အကျယ်တဝင့် ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)