ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်ဟောပြောပွဲ ပြုလုပ်

ဟင်္သာတ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောပွဲကို အောက်တိုဘာ ၁၄ နေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက်သည့် ဟောပြောပွဲကို ဟင်္သာတမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ တက္ကသိုလ်ဝင်တန်း (Grade-12 )ကျောင်းသား၊ ကျောင်းသူ (၉၉၂ )ဦးတို့အား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အထက(၁)၊ အထက(၃)၊ အထက(၄)၊အထက (၅) ကျောင်းတို့ရှိ ခန်းမများတွင် ဟင်္သာတတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် အသီးသီးဆွေးနွေးဟောပြောပေးခဲ့ကြသည်။

အဆိုပါဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲပြုလုပ်မှုများအား ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်းနှင့် ပါမောက္ခ(ဌာနမှူးများ)၊ ဟင်္သာတခရိုင်ပညာရေးမှူး ဒေါ်စန်းယုမော်၊ ဟင်္သာတမြို့နယ်ပညာရေးမှူး ဦးထင်အောင်ကျော်နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)