ဓနုဖြူ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့် အဖွဲ့များသည် ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့ ၁၀း၃၀ အချိန်က ဓနုဖြူမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ ဟော်တယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းနှင့် အဖွဲ့သည် ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ရွာအနီးရှိ မိဘဂုဏ်ရည် ဆန်စက်သို့ရောက်ရှိလာပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်း၊ ဆန်စက်ပိုင်ရှင် ဦးမျိုးဆက်တို့မှ ကြိုဆိုတွေ့ဆုံနှုတ်ဆက်၍ ဆန်စက်လုပ်ငန်း လည်ပတ်မှုအခြေအနေများနှင့် ထင်း၊ မီးသွေးအစားထိုးသုံး စပါးခွံလောင်စာတောင့် ထုတ်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ ဆန်ထွက်နှုန်းကောင်းမွန်မှုရှိ/မရှိ မေးမြန်းခြင်း၊ ယခုထက် ဆန်ထွက်နှုန်းပိုမိုထွက်ရှိစေရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ တင်ပြဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးနှင့်အဖွဲ့သည် ရေကြည်ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာရှိ လိုတိုင်းရ စားသောက်ဆိုင်သို့ရောက်ရှိပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်တို့နှင့်တွေ့ဆုံကာ လိုတိုင်းရ ဟိုတယ်ဖွင့်လှစ်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေး ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုသည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)