ကန့်ဘလူ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှ နေရပ်စွန့်ခွာ လာကြသည့် ပြည်သူများ၊ နယ်မြေရှင်းလင်းရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင်စဥ် ကျဆုံး/ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ သက်ပြည့်အငြိမ်းစားဝန်ထမ်းများ၊ ပေးသင့်ပေးထိုက်သည့်ဝန်ထမ်းများ၊ မူလပိုင်ရှင်တောင်သူများနှင့် အသနားခံတင်ပြသူများအား မဲစနစ်ဖြင့် မြေကွက်များ မဲနှိုက်ချထားသည့်အခမ်းအနားကို ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ မြေကွက် ချထားရေးကော်မတီဥက္ကဌ ဦးစောထွန်းဦး၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော်(ငါးရာ့ငါးဆယ်ဆရာတော်) ဦးဝါသဝ၊ နေရပ်စွန့်ခွာပြည်သူများ၊ ကျဆုံး/ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် တပ်မတော်/ မြန်မာနိုင်ငံရဲတပ်ဖွဲ့/ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ အငြိမ်းစားဝန်ထမ်းများ၊ မူလပိုင်ရှင်တောင်သူများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်( ၃)ရပ်ကွက် သာသနာ့အလင်းရောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်(ငါးရာ့ငါးဆယ်ဆရာတော်) ဦးဝါသဝက ဩဝါဒစကားမိန့်ကြားပြီး ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြေကွက်ချထားရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက မြေယာဖော် ထုတ်ရေးနှင့်မြေကွက်များချထားနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ကန့်ဘလူမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ မြေကွက်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်က မြေကွက်ဖော်ထုတ်ခဲ့မှုနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက မဲစနစ်ဖြင့် တစ်ဦးချင်းမဲနှိုက်စေကာ ပေါက်မဲ မြေကွက်အလိုက်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ မြေယာဖော်ထုတ်ရေးနှင့် မြေကွက်များ ချထားပေးနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၂၅၈ ဒသမ ၄၄ သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခုနှစ် ဇွန်လလယ်ကစတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ လကုန်၌ပြီးစီး၍ မြေကွက် ၅၅၇ ကွက်၊ တစ်ကွက်တွင် ပေ(၆၀ ×၄၀)ရှိကြောင်း သိရသည်။
အဆိုပါမြေကွက်များ ဖော်ထုတ်ခဲ့သည့်နေရာသည် ကန့်ဘလူမြို့အမှတ်(၂)ရပ်ကွက်၊ ကွင်းအမှတ်(၃၆၇၉) ခြံသစ်ကွင်း၊ ကွင်းအမှတ် (၃၆၈၀) တင်ဝင်းကြီးကွင်းနှင့်အမှတ်( ၃)ရပ် ကွက်၊ ကွင်းအမှတ် (၅၆၀) ညောင်အိုင်ကွင်း စုစုပေါင်း မြေအကျယ်အဝန်း ၆၈ ဒသမ ၉၈ ဧကတွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)