ရွှေဘို အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်(အခမဲ့) သင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးက ပြည်သူများ တစ်ပိုင်တစ်နိုင်အသက် မွေးဝမ်းကျောင်း အတတ်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးအားသင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာနခရိုင် ဦးစီးမှုးဦးလင်းထက်အောင်က သင်တန်းဆင်းလက်ဆောင်ပစ္စည်းများကိုပေးအပ်ရာသင်တန်းသူတစ်ဦးကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၅ ရက်နေ့မှအောက်တိုဘာလ ၁၄ ရက်နေ့ထိ စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်း လေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုးသမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ၊ကလေးဝတ်ဂါဝန်၊ အမျိုးသားဝတ်သင်္ဘောသားအင်္ကျီနှင့် ကလေးဝတ်ဘောင်ဘီများစသည်ဖြင့် ဘာသာရပ်(၁၆)မျိုးကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)