ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု အောင်ပွဲရယှဉ်ပြိုင်သူများအား ဂုဏ်ပြုကြိုဆို

မော်လမြိုင် အောက်တိုဘာ ၁၆

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူအဖွဲ့သားများအား အောက်တိုဘာလ ၁၄ ရက်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုရအဖွဲ့ရုံးရှေ့တွင် ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသား၊ မွန်ပြည်နယ်သူ၊ ပြည်နယ်သားများက အောင်သပြေခက်နှင့် ဂုဏ်ပြုပန်းခြင်းများဖြင့် လှိုက်လှဲစွာ သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အောင်ပွဲရယှဉ်ပြိုင်သူများအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲများတွင် အနုပညာရပ်များဖြင့် ကြိုးစားအားထုတ်ယှဉ်ပြိုင်ခဲ့ကြ၍ ရွှေတံဆိပ်ဆု (၆)ခု၊ ငွေတံဆိပ်ဆု (၁၀)ခု၊ ကြေးတံဆိပ်ဆု (၅)ခု၊ စုစုပေါင်း (၂၁)ဆုရရှိခဲ့ကာ တစ်နိုငံလုံးအတိုင်းအတာဖြင့် အဆင့်(၆) ရရှိခဲ့သည့်အတွက် ပြည်နယ်အတွက် ဂုဏ်ဆောင်စွာ ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် နောင်နှစ်ပြိုင်ပွဲများမှာလည်း အစွမ်းကုန်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြည်နယ်၏ဂုဏ်ကို ဆက်လက်မြှင့်တင်စွမ်းဆောင်ပေးကြစေလိုကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက (၂၆)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူ (၁)ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ခေတ္တမွန်ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး ဂုဏ်ပြုအားပေးနှုတ်ဆက်ခဲ့‌ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)