ငဖဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ငဖဲ  အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade- 8 ကျောင်းသား၊ ကျောင်းသူ(၃၃)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ သိကောင်းစရာများ၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်မှန်ကန်စေရန်အတွက် ကျောင်းစာသာမက သုတ၊ ရသစာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ်တွင် ကလေးသူငယ်များ စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေကြောင်း၊ ကလေးအလုပ်သမားများ၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများ ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးသက်နောင်ထွန်းက အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းမေးမြန်း၍ ဖြေဆိုနိုင်သူ ကျောင်းသား၊ ကျောင်းသူ(၂)ဦးကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော လစဉ်ထုတ်တေဇ၊ ရုပ်ပြ၊ပုံပြင်၊ မဂ္ဂဇင်းစာအုပ်များ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု (ငဖဲ)