ငါးသိုင်းချောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ငါးသိုင်းချောင်း အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.မ.က(မူလွန်)သရက်ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.မ.က(မူလွန်) သရက်ချောင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ ရည်မှန်းချက်ထား၍ ကြိုးစားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်မြင့်က ယခုခေတ်လူငယ်များ ခံစားနေရသည့် လူကုန်ကူးမှုသည် ခေတ်သစ်ကျေးကျွန်စနစ်အသွင်ဖြင့် ပြန်လည်ပေါ်ပေါက်လာသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကို ကာကွယ်နေထိုင်ကြရန်၊ လူကုန်ကူးမှုခံရသူ၏ အဆိုးရွားဆုံးပုံစံများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ကျောင်းသား/ ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)