ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များကြိုဆို

ပုသိမ် အောက်တိုဘာ ၁၅

(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ် ဂိတ်(၂)ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ဦးစွာဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ဖျော်ဖြေရေးအဖွဲ့များက အိုးစည်၊ ဗုံမောင်းများဖြင့် ဖျော်ဖြေဂုဏ်ပြုခဲ့ကြကာ တိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက (၂၆) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင် များအား ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ခဲ့သည်။ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအနေဖြင့် ရွှေ( ၁၂ )ခု၊ ငွေ( ၁၁ )ခု၊ ကြေး( ၁၄ )ခု စုစုပေါင်း ( ၃၇ )ခု ရရှိခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရရှိမှုစာရင်းတွင် အမှတ်စဉ် ၃ နေရာရရှိခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)