ကြံခင်း အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရွှေကျောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း (ရွှေကျောင်း) ယာယီတာဝန်ခံဆရာကြီး ဦးနိုင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ များစွာရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှု တတ်သော အလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားသည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် စာရေးဆရာ မိုးမြေသစ္စာက “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ခင်ထိုက်ထိုက်ပန်က ကလေးအလုပ်သမား၊ မူးယစ်အန္တရာယ်၊ ပြစ်မှုပြစ်ဒဏ်များအား အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များအား မေးမြန်းကြရာ ဒုတိယဥပဒေအရာရှိက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)