သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

သဲကုန်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးမှုကို ကျေးရွာအုပ်စုပေါင်း (၆၃) အုပ်စုရှိ (၈၂၆၁၀) ဧကတွင် အင်းမရဲဘော်၊ မှော်ဘီ(၂)၊ ရတနာတိုး၊ ရက် (၉၀)၊ ဗီယက်နမ်၊ ထိုင်းနှံကောက်၊ YSR-1 စသည့် စပါးမျိုးများအများဆုံး စိုက်ပျိုးကြရာတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် ကြဲခင်းများစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/ လက်ဆွဲကောက်စိုက်စက် ဖြင့်စိုက်ပျိုးလျက်ရှိပြီး မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

သဲကုန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအနေဖြင့် တောင်သူများအား အထွက်ကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေး​ဟောပြောပွဲများ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)