ပေါက်ခေါင်းမြို့နယ် မူလွန်(ရွာထောင်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း  အောက်တိုဘာ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးလုပ်ငန်းများအား မူလွန်(ရွာထောင်)ကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မင်းမောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်သင်းသင်းထွေးက လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်းတို့ကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူလေးများအား ရုပ်ပုံစာအုပ်များဖြင့် ပုံပြောခြင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)