ကန့်ဘလူမြို့၌ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကန့်ဘလူ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လာရောက်ငှားရမ်းသူများကိုစုပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ဇင်က စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြသူများအနေဖြင့် မိမိတို့အတွက် အသိပညာဗဟုသုတရရှိစေမည့် စာပေများကိုရွေးချယ်ဖတ်ရှုကြစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်မှာဖြစ်ကြောင်း၊ မိမိတို့၏စဥ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒါ့အပြင် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာစေရန် မိမိတို့ကြိုက်နှစ်သက်သည့် အားကစားနည်းများကိုလည်း လေ့ကျင့်ကြရန်လိုအပ်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် သုတ၊ ရသ စာအုပ်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)