ငွေဆောင် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ပိုင်းဆိုင်ရာ အင်္ဂလိပ်ဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်( ၁၀) နာရီကအမှတ် (၃) ရပ်ကွက်၊ ယမုံနာဦးဟိုတယ်၊ Ball Room ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်ဒုတိယ ညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ခရီးစဥ်ဒေသစီမံခန့်ခွဲရေး ကော်မတီ (DMO.) မှ ဌာနဆိုင်ရာများ၊ ဟိုတယ် GM ၊ မန်နေဂျာများ ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ စီးပွားရေးရာဝန်ုကြီးမှ အဖွင့်အမှာ စကားနှင့် ပြောကြားခဲ့သည်။ ထို့နောက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ရိုက်ကူး ထားသည့် ငွေဆောင်ကမ်းခြေခရီးစဥ်ဒေသ 360° video clip အား ပြသခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရယဝန်ကြီးနှင့် အခမ်းအနားသို့တက်ရောက် လာကြသူများ အတူတကွ ကြည့်ရှုခဲ့ကြသည်။ ထို့နောက်အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာပြီး မြောက်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ သင်တန်းကို ငွေဆောင်ဟိုတယ်ဇုန် ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏စွမ်းဆောင် ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဟိုတယ်များမှ ပြီးပြည့်စုံသော ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ရည်ရွယ်၍ (၁၃.၁၀.၂၀၂၅)ရက်နေ့မှ (၇.၁၁.၂၀၂၅) ရက်နေ့အထိ ယမုံနာဦးဟိုတယ်၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၇၆) ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014( ငွေဆောင်)