ထားဝယ် အောက်တိုဘာ ၁၄
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော်ခန်းမ (၁) ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘေးမဖြစ်မီ၊ ဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီးနောက်ဟူ၍ အပိုင်း(၃)ပိုင်းခွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးမဖြစ်မီအချိန်တွင် မိမိဒေသအတွင်း ဆောင်ရွက်နေရသောကဏ္ဍများနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများ၊ ဘေးဖြစ်ပွားနေစဉ်ကာလအတွင်း အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပြီး စားရေရိက္ခာများပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဘေးဖြစ်ပွားပြီးချိန်တွင် ဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသည့်အခြေခံအဆောက်အအုံများ၊လမ်းတံတား၊ ဆက်သွယ်ရေးစနစ်များ၊ ဆည်မြောင်း/တာတမံများ ပြန်လည်ထူထောင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းများ ပါဝင်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် ကျင်းပသော (International Day for Disaster RiskReduction - IDDRR) သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လျှော့ချနိုင်ရေးအတွက်ရန်ပုံငွေများ တိုးမြှင့်ရန်၊ အများပြည်သူဆိုင်ရာ ဖွံ့ဖြိုးရေးနှင့်ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် ဘေးဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားကာဘေးဒဏ်ခံနိုင်ရည်ရှိစေရန်ရည်ရွယ်ပြီး “Fund Resilience, Not Disasters" “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး”ဟူသောဆောင်ပုဒ်နှင့်အညီ ကျင်းပလျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပြည်သူများ၏ လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေရေးကူညီခြင်း၊ အခြေခံအခွင့်အရေးများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရေး၊ သဘာဝဘေးကြုံတွေ့ချိန်တွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်စနစ်တကျဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်သူ များအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်းလို ကြောင်း၊ သဘာဝဘေးနှင့်အတူ ယှဉ်တွဲနေထိုင်ရသည့်အတွက် ပြည်သူများအနေဖြင့်ဘေးအန္တရာယ် ဖြစ်ပွားမှုဆိုင်ရာ အသိပေးချက်များ၊ သတင်းအချက်အလက်များကို လက်လှမ်းမီသိရှိနိုင်စေရေး လိုအပ်ကြောင်း၊ မြစ်ရေကြီးမှုအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသော နေရာဒေသများမှာလည်း အချိန်မီသိရှိနိုင်ရန်လိုအပ်ကြောင်း၊ ဒါမှသာ သဘာဝဘေး၏ သက်ရောက်မှုကို ကြိုတင် ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ နောင်အနာဂတ်တွင်လည်း ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမ္မဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့လာသော “အပြည်ပြည်ဆိုင်ရာသဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့” သဝဏ်လွှာသတင်းစကား Video message နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် Video Clip ပြသရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့် ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်တို့က “အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခြေခံပညာအထက် တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုချီးမြှင့်ပြီး အထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)