ပခုက္ကူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး (၃၂)ကြိမ်မြောက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာချောင်းဆုံ(မျိုးချစ်)က “ပြောင်းလဲပုံအဆင့်ဆင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏သက္ကရာဇ်” အကြောင်းဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် မြို့နယ်စာရေးဆရာအသင်းဝင် စာရေးဆရာဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)