မြိတ် အောက်တိုဘာ ၁၄
၂၀၂၅ခုနှစ် အောက်တိုဘာ(၁၃)ရက်နေ့၌ ကျရောက်သော “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်” သရုပ်ဖော်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မြိတ်မြို့ အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ သည်။
အဆိုပါ ဆုချီးမြှင့်ပွဲကို မြိတ်ခရိုင်ပညာရေးမှူး ဦးသန်းထိုက်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် သရုပ်ဖော် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြိတ်ခရိုင်ပညာရေးမှူး၊ မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဆောင်ပုဒ်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျင်းပကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက် )