ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၁၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချို့သော သဘာဝဘေးအန္တရာယ်များကို တားဆီး၍မရသော်လည်း ဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုနှင့် အကျိုးဆက်များကို လျော့ပါးသက်သာအောင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းတို့ဖြင့် လုပ်ဆောင်၍ရကြောင်း၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများပတ်သက်၍ ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲသွားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် မကြံစဖူး ထူးကဲသည့် ပဲခူးမြစ်ရေကြီးမှုဖြစ်ပေါ်ခဲ့မှုအပေါ် ယခုနှစ်တွင် ပဲခူးမြစ်ရေကြီးမှုလျော့ပါးသက်သာစေရန်အတွက် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲပြီး ပဲခူးမြစ် ရေဘေးကာကွယ်ရေးတာများကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပဲခူးမြစ်၏ စိုးရိမ်ရေအမှတ်သို့ အကြိမ်ကြိမ်ရောက်ရှိခဲ့သော်လည်း ပြည်သူများပြောင်းရွှေ့ခဲ့ရမှုမရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း သဘာဝဘေးကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေရေးအတွက် ကဏ္ဍစုံဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို စိစစ်ဖော်ထုတ်၍ အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ရမည့် တုံ့ပြန်မှုလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရန်၊ ခေတ်နှင့်အညီ တိုးတက်နေသည့် နည်းပညာများကို မျက်ခြေမပြတ် လေ့လာအသုံးပြုရန်၊ အဆောက်အဦ၊ လမ်း၊ တံတားများကို ပြဌာန်းထားသည့် စံချိန်စံညွှန်း အတိုင်း လိုက်နာဆောင်ရွက်သွားရန်မှသာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူမှုစီးပွားဘဝများကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံး(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူတို့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres သဝဏ်လွှာရုပ်သံဖိုင်နှင့် သဘာဝဘေးလျော့ပါးရေး လှုပ်ရှားမှု မှတ်တမ်းတင်ဗီဒီယိုတို့အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ပြခန်းအလိုက် ခင်းကျင်းပြသထားမှုများအပေါ် ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့သည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ် ပိုမိုဖြစ်ပွားလာနိုင်သည့်အခြေအနေအား နားလည်သဘောပေါက်စေရန်၊ သဘာဝဘေးကို တားဆီး၍မရသော်လည်း လူတိုင်းကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် အလေ့အထကောင်းများဖြစ်ထွန်းလာစေရန်၊ ဘာဝဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်သည့် ရပ်ရွာလူထုနှင့် အခြေခံအဆောက်အအုံများ ဖြစ်ထွန်းတည်ဆောက်နေထိုင်လာတတ်စေရန်နှင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ဘဏ္ဍာရန်ပုံငွေကို တိုးမြှင့်ပြီး ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံဆောင်ရွက်မှုများကို ထည့်သွင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)