မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ တပ်မတော်အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မျိုးဆက်သစ်လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်ကာလမှာ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာပြီး ၎င်းရဲ့အကျိုးဆက်အနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝှမ်းလုံး ကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါကြောင်း၊ ဒီလိုရာသီဥတုဖြစ်စဉ် ဖောက်ပြန်မှုတွေကြောင့် မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာကိုလည်း သိသာထင်ရှားစွာ တွေ့မြင်ကြရမှာဖြစ်ပြီး ဆက်စပ်မှုအနေဖြင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ရေဘေးအန္တရာယ်ကို ပိုမိုကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါကြောင်း၊ ရေဘေးရဲ့အဖျက်စွမ်းအားဟာ အင်မတန်ကြီးမားပြီး၊ မိုးများမှုကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်တစ်ပြက်ရေဘေးနဲ့ ၎င်းရဲ့ဆက်စပ်ဘေးဖြစ်တဲ့ မြေပြိုဘေးအန္တရာယ်ကိုလည်း ခံစားရတာဖြစ်လို့ အချိန်တိုအတွင်း လူ့အသက်၊ အိုးအိမ် စည်းစိမ်နဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များမှာ ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းနဲ့ လူတို့ရဲ့ပယောဂများကြောင့် ဖြစ်ပေါ်တာကိုလည်း တွေ့ရှိရမှာဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)ကို ဦးစားပေးလုပ်ငန်းစဉ် (၄)ရပ်၊ ပန်းတိုင်(၇)ခုဖြင့် အတည်ပြုချမှတ်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့်လည်း ၎င်းလုပ်ငန်းစဉ်များကိုဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၈၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်အောက်တိုဘာလ(၁၃)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ အဆိုပါနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးက သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါကြောင်း၊ ဒီလိုကျင်းပရာမှာ နှစ်စဉ်ဆောင်ပုဒ်များ သတ်မှတ်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆန်ဒိုင်းမူဘောင်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင်(SDG)တို့နှင့် ဆက်စပ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ဘေးအန္တရာယ်များအတွက် ရန်ပုံငွေများ တိုးမြှင့်သုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကိုလျော့ပါးစေရန် ရည်ရွယ်၍ “Fund resilience, not disasters” ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး သုံးစွဲဘဏ္ဍာတိုးမြှင့်ပေးလို့ သတ်မှတ်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို လျော့နည်းစေရေးအတွက် စွမ်းရည်ပြည့်ဝတဲ့ မျိုးဆက်သစ် လူငယ်များရဲ့ ပူးပေါင်းဆောင်ရွက်မှု အင်အားကိုရယူပြီး သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ လူ့အသိုင်းအဝိုင်းတစ်ရပ် ဖြစ်စေရေးအတွက် မိမိတို့ကျရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message) ဗီဒီယို၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုနှင့် ငလျင်အသိပညာပေး ဗီဒီယိုပြသခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ၊ အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း သိရှိရသည်။

မောင်ညီညာ