ပန်းတနော် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးအေးမင်းက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးမှ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်း ကျေးရွာအသီးသီးမှ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းတက်ရောက်ကြသည့် သင်တန်းသား(၅၀)ဦးအား တာဝန်ရှိသူများက တူညီဝတ်စုံများပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို ပန်းတနော်မြို့နယ် မီးသတ်ဦးစီမှူး ဦးမောင်မောင်ဦးနှင့်တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်နေ့မှ နိုဝင်ဘာလ (၇)ရက်နေ့အထိ သင်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)