နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၂၀ ရက်အထိ ထပ်တိုးကြေညာထားမှုအား ပြည်သူများလာရောက်ကြည်ရှုခြင်းနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသည့် ဆောင်ပုဒ်ပါ လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူသည့်အခမ်းအနားများကို အောက်တိုဘာ ၁၂ ရက်တွင် အမြို့မြို့အနယ်နယ်၌ ဆောင်ရွက်ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကွမ်းခြံကုန်း၊ မှော်ဘီနှင့် ဒေါပုံမြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ လည်းကောင်း၊ ရှမ်းပြည်နယ် မိုးနဲမြို့နယ်၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌လည်းကောင်း အောက်တိုဘာ ၂၀ ရက်အထိ ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်များအလိုက် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုကာ လိုအပ်သည့်ဖြည့်စွက်၊ ပြင်ဆင်လျှောက်ထားမှုများ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။
အလားတူ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်တို့၌ကျင်းပရာ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလူထုအသိပညာပေးဆိုင်းဘုတ်ကို သတ်မှတ်နေရာများ၌ စိုက်ထူဖွင့်လှစ်ပေးကြကြောင်း သိရသည်။