မုံရွာ အောက်တိုဘာ ၁၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုပ်လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူဖြစ်သည့် ပြည်သူ လူထုအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ Billboard စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာလ ၉ ရက်၊ နံနံက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက် ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂) စိုက်ပျိုး၊ မွေးမြူရေးနှင့်အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ၏ တီးမှု ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလွှမ်းမိုးဟန်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကိုကိုဦးတို့က ၂၀၂၅-ခုနှစ်၊ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ Billboard အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်တို့က မြေစိုက် ပိုစတာ Billboard စိုက်ထူခြင်းအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွား အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါ Billboard ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နံနက်စာများ ဝေငှပေးနေမှုများအား ကြည့်ရှု ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာ လ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုများအား သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စွာပါရှိစေရေး မဲစာရင်းမပါရှိသည့် ပြည်သူများအား သက်မှတ်ပုံစံများဖြင့် စနစ်တကျရေးသွင်း လျှောက်ထားစေပြီး မဲဆန္ဒရှင်စာရင်း၌ ပါဝင်အောင် ဆောင်ရွက်ပေးရေးနှင့် အချက်အလက်မှားယွင်းမှုများတွေ့ရှိပါက ပြင်ဆင်ဆောင်ရွက် ပေးနိုင်ရေးတို့အား တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားကာ မဲစာရင်းလာရောက်ကြည့်ရှုကြသည့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၅) (၅/၂၀၂၅)နှင့် အခြေခံတရုတ်စကားပြော၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊ သင်တန်းသူများဖြစ်ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ဘဝတွင် အသိပညာ၊ အတတ်ပညာနှစ် ခုလုံးဖွံ့ဖြိုးတိုးတက် စေရန် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့လူဝယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ လူငယ်မောင်မယ်များအနေဖြင့် ခေတ်မီနည်းပညာများ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ယနေ့သင်ကြားပေးလိုက်သည့် ကွန်ပျူတာ၊ တရုတ်/ဂျပန်စကားပြောဘာသာရပ်များသည် အခြေခံအဆင့်သာ သင်ကြားပို့ချခြင်းဖြစ်ပြီး မိမိတို့ဘဝတိုးတက်မြင့်မားစေရန်အတွက် တတ်မြောက်ထားသည့် ပညာရပ်များအား စဉ်ဆက်မပျက် လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းများဖွင့်လှစ်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာ၊ တရုတ်စကားပြောနှင့် ဂျပန်စကားပြောသင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ကွန်ပျူတာသင်တန်း အမှတ်စဉ်(၄/၂၀၂၅) (၅/၂၀၂၅)နှင့် အခြေခံတရုတ်စကားပြော၊ အခြေခံဂျပန်စကားပြောသင်တန်း သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခြေခံတရုတ်စကားပြောနှင့် အခြေခံဂျပန်စကားပြောသင်တန်း သင်တန်း သား/သင်တန်းသူများက တေးသီချင်းများဖြင့် သရုပ်ဖော်ကပြမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)