ပွင့်ဖြူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ပန်းနှမ်း(၁၂၁)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်းသီးနှံ(၁၂၁)ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါပန်းနှမ်းစိုက်ပျိုးခြင်းကို သတ်မှတ်စိုက်ဧက ပြည့်မီစေရေးအတွက် နိုဝင်ဘာလမှ စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ အခက်အခဲမရှိအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးနည်းပညာနှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ်ဆောင်းရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့ ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ပန်းနှမ်းသီးနှံ (၁၂၁) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ပန်းနှမ်းသီးနှံက ဒီဒေသမှာ အောင်မြင်ဖြစ်ထွန်းမှုရှိတဲ့အတွက် နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ တောင်သူတွေကအားထားစိုက်ပျိုးကြပါတယ်။ ပန်းနှမ်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူတွေကို အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် စိုက်နည်းစနစ်နဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေရရှိအောင် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက နှစ်စဉ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်အတွက် ပန်းနှမ်းသီးနှံအား အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခင်နှစ်က ဆီထွက်သီးနှံ ပန်းနှမ်းစိုက်ပျိုးခြင်းကို လျာထား စိုက်ဧက ၁၁၅ ဧကတွင် မြေပြင်စိုက်ပျိုးမှု ၃၂၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်တွင်လည်း ပန်းနှမ်း(၁၂၁)ဧက စိုက်ပျိုးရန် လျာထားရှိရာ သတ်မှတ်စိုက်ဧက ပြည့်မီရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)