ပုသိမ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်အား ဖူးမြော်ကြည်ညိုခဲ့ပြီး အလှူငွေများလှူဒါန်းခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုရှိ အနန္တဂုဏ်ရည် အင်ကြင်းကျောက်စေတီတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီး၏ လှိုင်ဂူတော်အတွင်းရှိ ဝိဇယသိဒ္ဓိကျောက်စိမ်း စေတီတော်ပုံစံငယ်၊ ကျောက်စီနံရံကပ်ပန်းချီများ၊ ရုပ်ပွားတော်မြတ်များနှင့် မြန်မာမှုလက်ရာများအား ဖူးမြော်ကြည်ညိုလေ့လာခဲ့ပြီး စေတီတော်ကြီး၏ ရင်ပြင်တော်နှင့် တည်ဆောက်ရေး လုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက်ရှည်ရတနာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျောက်စိမ်းစေတီတော် ဆရာတော် အရှင်ကုသလ(B.A မြန်မာ)အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်လျက်ရှိသော ကျောက်စိမ်းဘုရား ရင်ပြင်တော်ရှိ လိုအပ်နေသောနေရာများအား မြေထိန်းနံရံတည်ဆောက်ခြင်း၊ ပန်းတင်ခုံ တည်ဆောက်ခြင်း၊ ရင်ပြင်တော်ကြွေပြားကပ်ခြင်း၊ အများသုံးသန့်စင်ခန်းနှင့် မိလ္လာကန်တည်ဆောက်ခြင်းလုပ်ငန်းတို့အတွက် ကုန်ကျငွေများအားခန့်မှန်းတွက်ချက် ရေးဆွဲထားရှိမှု၊ ကျောက်စိမ်းဘုရားရှိ (၅၆') အရှည် အနား(၈)ဘက်မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများအနက်မှ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးနောက် ကျောက်စိမ်းစေတီဆရာတော်အား သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျောက်စိမ်းစေတီ ရင်ပြင်တော်ရှိ လိုအပ်နေသောနေရာများအတွက် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြလျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းကောက်တောင်ကျေးရွာအုပ်စုရှိ မြေပြန့်ရိုဗက်စတာကော်ဖီ(၅)ဧက စိုက်ပျိုးထားမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ရေရှည်တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့်နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကိစ္စရပ်များကို မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွင်းကောက်ကျေးရွာ မြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တော်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိသည့်နေရာများတွင် မဲပေးနိုင်ရေး၊ မဲစာရင်းပါရှိစေရေးအတွက် ပုံစံ ၃(က)ဖြင့် လျှောက်ထားဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် ပြည်သူတစ်ဦးချင်းစီ၏ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ အချိန်မီပြီးစီးစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညိုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှု အောင်မြင်စွာပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆက်လက်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျန်းမာရေးဝန်ကြီးဌာန မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှမျက်စိအထူးကုဆရာဝန်ကြီးများက ရေကြည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယခုလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိမျက်စိစမ်းသပ်ခြင်းနှင့် ၂၁ ရက် နေ့မှ ၂၆ ရက်နေ့အထိခွဲစိတ်ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မျက်စိရောဂါ လာရောက်ကုသသည့်လူနာများနှင့် လိုက်ပါလာကြမည့်လူနာရှင်များ၊ ကုသပေးမည့်ဆရာဝန်ကြီးများ၏ စားသောက်နေထိုင်ရေးကိစ္စရပ်များကိုလည်း စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခွဲစိပ်ကုသပြီးသည့် လူနာများနားနေရန်အတွက်လည်း စီမံဆောင်ရွက်သွားကြရန်၊ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်၊ လိုအပ်သည်များကိုလည်း တင်ပြပေးကြစေလိုကြောင်း”အမှာစကားပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ မျက်စိခွဲစိတ်ကုသမှု အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)