ကန့်ဘလူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ဧက ၉၇၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ကန့်ဘလူ အောက်တိုဘာ ၁၃

၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ဆောင်းသီးနှံပဲမျိုးစုံ ၉၇၁၃၇ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမျိုးဇော်ထံမှ သိရသည်။

ဒေသခံတောင်သူများအနေဖြင့် စျေးကွက်ကောင်းဝင်နိုင်သည့် ပဲမျိုးများကို ရွေးချယ်စိုက် ပျိုးလာကြကြောင်း၊ အဆိုပါပဲမျိုးများသည် စိုက်ပျိုးရေ လိုအပ်ချက်နည်းသည့် သီးနှံတွေဖြစ်ကြောင်း၊ ပဲစားသုံးမှုနှင့်ကုန်ထုတ်လုပ်မှုများ အားကောင်းလာသည့်အတွက် စပါးစိုက်ပျိုးရေးပြီးလျှင် ကန့်ဘလူမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးမှုသည် အများဆုံးဖြစ်ကြောင်း ၊ပိုလျှံသည့်ပဲများကိုလည်း အခြားတိုင်းဒေသကြီး၊ နိုင်ငံခြားကိုပို့နိုင်သည်အထိ စိုက်ပျိုးထုတ်လုပ်မှုများရှိကြောင်း မြို့နယ်ဦးစီးအရာရှိကပြောသည်။

ထို့ပြင် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သွင်းအားစုများ ထည့်သွင်းဆောင်ရွက်ရာ၌ သီးနှံပင်၏သက်တမ်းအလိုက် အသုံးပြုရမည့် မြေဩဇာများအား နှုန်းထားမှန်ကန်စေရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့်ထိရောက်မှုရှိပြီး အပင်အတွက်အကျိုးဖြစ်ထွန်းစေရေး၊ သဘာဝမြေဩဇာများ အချိုးကျရောစပ်၍ အချိန်ကိုက်ကြဲပက်ဆောင်ရွက်နိုင်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများနှင့်အညီ စိုက်ပျိုးနိုင်ရေး ကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ တောင်သူများ ပဲမျိုးစုံစိုက်ပျိုးရေးအဖြစ် မတ်ပဲ ၃၈၄၃၇ ဧက၊ ပဲတီစိမ်း ၂၂၅၀၀ ဧက၊ ထောပတ်ပဲ ၃၈၄၂ ဧက၊ စွန်တာနီ ၁၄၁၅ ဧက၊ စွန်တာပြာ ၇၂၄၄ ဧက၊ ကုလားပဲ ၇၀၈၉ ဧက၊ ပဲလွမ်း ၂၄၅၅ ဧက၊ စားတော်ပဲ ၁၀၄၄၀ ဧကနှင့်အခြားပဲ ၃၇၁၅ ဧကကို စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)