ကျွန်းလှ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၁၃၈၉၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ နေကြာ ၁၂၃၆ ဧက၊ ပန်းနှမ်း ၅၃၄၂ ဧက၊ မုံညှင့်စေ့ ၃၅၇ ဧက စုစုပေါင်း ၃၄၈၆၄ ဧက စိုက်ပျိုးရန်လျာထားသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးဖို့ ၃၄၈၆၄ ဧကလျာထားပါတယ်။ တောင်သူတွေကို မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းမှန်ကန်ရေး သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း စတဲ့စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး စပါးအပြင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံများစိုက်ပျိုးကြကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)