ဖျာပုံ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက မြေပြင်လူဦးရေးစာရင်း မှန်ကန်စေရေး၊ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုတွင် အသက် (၁၈)နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်ရေး၊ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းတွင် အမည်စာရင်းမပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး၊ မဲစာရင်းတွင်ပါဝင်နိုင်အောင် သေချာစွာ စိစစ်ဆောင်ရွက်ရန်လိုကြောင်းတို့ကို အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့် ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က မဲစာရင်းမှန်ကန်မှုရှိစေရေး စီမံဆောင်ရွက်ထားရှိများနှင့် မဲပေးပိုင်ခွင်ရှိသူ မဲဆန္ဒရှင်းပြည်သူများ မဲစာရင်းတွင် ပါဝင်မဲပေးနိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။
ထိုနောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ ဖျာပုံခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေး ဖြေကြားပေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်ဇင်လတ်နှင့် အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)