ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေး၊ ချီးမြှင့်ငွေနှင့် အခြေခံစားကုန်များပေးအပ်

လွိုင်ကော်  အောက်တိုဘာ  ၁၂

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား အောက်တိုဘာ ၁၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ တာဝန်ထမ်းဆောင်ကြမည့် သင်ကြားရေး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားခြင်း၊ ငွေပဒေသာပင်၊ ချီးမြှင့်ငွေနှင့်အခြေခံစားကုန်များပေးအပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်က လွိုင်ကော်တက္ကသိုလ်စုဝေးခန်းမ၌ ကျင်းပသည်။  

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က တက္ကသိုလ်သို့ ပြန်လည်တာဝန်ထမ်းဆောင်ကြသည့် ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား လိုက်လှဲနွေးထွေးစွာကြိုဆိုပါကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဝန်ထမ်းများသည် လုပ်ဖော်ကိုင်ဖက်စိတ်ဓာတ်၊ ညီအစ်ကိုမောင်နှမ သွေးချင်းစိတ်ဓာတ်များဖြင့် ဟန်ချက်ညီညီ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့မြင်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဒေသခံကျောင်းသား/ကျောင်းသူများအား စိတ်အေးချမ်းသာစွာ မိမိဒေသတွင် တက္ကသိုလ်ပညာ ပြန်လည်သင်ကြားနိုင်ရေး၊ ပညာရေးနောက်ကျကျန်ရစ်မှုမရှိစေရေး  လွိုင်ကော်တက္ကသိုလ်အား ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇွန် ရက်မှစ၍ စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ လွိုင်ကော်တက္ကသိုလ်တွင် သင်ကြားနိုင်ရန် အသင့်အနေအထားရှိပြီဖြစ်ကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်နှင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက တင်ပြပေးကြရန် ပြောကြားသည်။

ထို့နောက် တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းသောင်က တက္ကသိုလ် ဖွင့်လှစ်မည့် အခြေအနေများ၊ ဝန်ထမ်းများ ပြန်လည်ရောက်ရှိတာဝန်ထမ်းဆောင်မှု၊ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ တက္ကသိုလ်ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၏ အိပ်ဆောင်များ၊ ကျောင်းသုံးပရိဘောဂနှင့် အသုံးအဆောင်များ ဖြည့်တင်းထားရှိမှု၊ တက္ကသိုလ်ဓမ္မာရုံနှင့် အားကစားကွင်းပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်အတွက် ငွေပဒေသာပင်နှင့်  ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဒုတိယပါမောက္ခချုပ်က လက်ခံယူသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက်ကုန်များကိုပေးအပ်ရာ ဝန်ထမ်းကိုယ်စားလှယ်များက လက်ခံရယူသည်။ ထို့နောက် ဝန်ထမ်းများက တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်ပင်မဆောင် ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်စာကြည့်တိုက်တွင် ကျောင်းသား ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုနိုင်ရန် ရည်ညွှန်းစာဖတ်ခန်း၊ စာဖတ်ခန်းနှင့် စာအုပ်ခင်းကျင်းထားသိုမှု၊ တာဝန်ထမ်း ဆောင်ကြမည့် ပါမောက္ခ၊ ကထိက၊ နည်းပြများ၏ အိပ်ဆောင်များ၌ နေရာချထားမှုများ၊ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသူ ကျောင်းသားများ၏ အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်းနှင့် စားရိပ်သာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများ၊ Theatre များ၊ ပရိဘောဂများ၊ သန့်စင်ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ ရုံးလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ ပါမောက္ခ၊ ကထိက၊ နည်းပြများ၏ အိပ်ဆောင်များရှိ လုံခြုံရေး မီးများနှင့် လမ်းမီးများ ပြတ်တောက်မှု မရှိစေရေး၊ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ပေးရန်မှာကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

၂၀၂၅ ပညာသင်နှစ် လွိုင်ကော်တက္ကသိုလ်(အဝေးသင်သင်တန်း) ဒုတိယသုတ်နှင့် တတိယသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက် ဖြေဆိုရမည်ဖြစ်ပြီး ဒုတိယသုတ်ကို ၁၃-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ ထိ လည်းကောင်း၊ တတိယသုတ် ကို  -၁၁-၂၀၂၅ မှ ၁၁-၁၁-၂၀၂၅ ထိ လည်းကောင်း အနီးကပ်သင်တန်းပို့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)