ဝါးခယ်မမြို့နယ်ရှိ ကျေးရွာပေါင်း (၃၀)အား အကျိုးပြုသည့် ကြခတ်ကုန်းတံတား တည်ဆောက်ပြီး​စီး

ဝါးခယ်မ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ကုန်း-ကျောင်းစု-ကလ ကျေးရွာချင်းဆက် လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတား တည်ဆောက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းတွင်   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကြခတ်ကုန်းတံတားသည် အရှည် ပေ(၆၀)၊ အကျယ် ပေ(၂၀)ရှိ သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းအား တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၉၉ သန်း ဖြင့် Royal Three Star Shwe Nyi Ko ကုမ္ပဏီ က (A1/ A2 Bored Pile, Pile Cap, Abutment) များ ဆောင်ရွက်ပြီးစီးခဲ့သည်။

ယခုအခါ တံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း)လုပ်ငန်းအား တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၁၃၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့က ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်ခတ်ကုန်းတံတား၏ စုစုပေါင်းတန်ဖိုးမှာ ကုန်ကျငွေ ကျပ်သန်း စုစုပေါင်း ငွေကျပ် ၃၂၉သန်းရှိခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုကြောင့် ကျေးရွာ ၃၀၊ အိမ်ခြေ ၁၅၀၀နှင့် လူဦးရေ ၅၂၅၀တို့အတွက် သွားလာမှုအဆင်ပြေမည်ဖြစ်ပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကုန်စည်ပို့ဆောင်ရေးတို့ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)