ဒေးဒရဲ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးရေး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားအား ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရပ်ကျေးကော်မရှင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အသက် (၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတွင် ပထမအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းတွင် အမည်စာရင်းမပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုများအား ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်း မဲပေးပိုင်ခွင့်ရှိသူပြည်သူများ ဆန္ဒမဲပေးနိုင်ရေး၊ မဲစာရင်းတွင်ပါဝင်နိုင်ရေး သေချာစွာစိစစ်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်လွင်ဦးက ပထမအကြိမ်မဲစာရင်းများ ထုတ်ပြန်ရာတွင် မှန်ကန်မှုရှိစေရေးနှင့် မြို့နယ်အတွင်းရှိ မဲပေးခွင့်ရှိသည့် ဆန္ဒမဲရှင်ပြည်သူများ ကျန်ရှိမှူမရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဦးအောင်မြတ်သူက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည့်အချက်များနှင့် လိုအပ်ချက်များကို တင်ပြမှုအား မြို့နယ်ရွေးကောက်ပွဲအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း