ဘားအံ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကမဲစာရင်းပြုစုရာတွင် အခြေခံရမည့်အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းထပ်မံပေးပို့ရာတွင် ပြည့်စုံမှန်ကန်ရေး၊ နောက်ဆုံးအကြိမ် ထုတ်ပြန်မည့် မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ မဲပေးခွင့်မရှိသူများမဲစာရင်းတွင် ပါဝင်ခြင်းမရှိစေရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီတွင် ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်/ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်က အထူးအလေးအနက်ထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီတွဲဘက် အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မြင့်က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းနှင့်မဲစာရင်းကြေညာခြင်းတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာရာ၌ မဲစာရင်း လာရောက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်းဆောင်ရွက်မှု၊ မြေပြင်ကွင်းဆင်းကော်မတီ စာရင်းနှင့်ပထမအကြိမ်မဲစာရင်း နှိုင်းယှဉ်ချက်တို့ကို ရှင်းလင်းတင်ပြကာ ပြည်နယ်အစိုးရအဖွဲ့ဝင် များက ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။
ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များအလိုက် ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းကပ်ထားကြေညာဆောင်ရွက်မှု၊ မဲစာရင်းကြေညာကပ်ထားမှုအပေါ် တောင်းဆို၊ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်မှုများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယာယီနေရပ် စွန့်ခွာပြည်သူများမဲစာရင်းပါရှိရေးနှင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ထားရှိမှု အခြေနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စု(ခ) ဘားအံဇုန် အုပ်စုပတ်လည်ပြိုင်ပွဲများကို ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီက အုပ်စုအဖွင့်ပွဲစဉ်အနေဖြင့် နေပြည်တော်ကောင်စီအသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများက တစ်ခဲနက်ကြည့်ရှု အားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အုပ်စု(ခ)ဘားအံဇုန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့် ကရင်ပြည်နယ်အသင်းက အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်တို့ကို ရန်ကုန်မြို့ရှိ ဘောလုံးအားကစားကွင်းများတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
