အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ အမျိုးသမီးသင်တန်းသူ (၃၄၄၅) ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့

ပခုက္ကူ အောက်တိုဘာ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ်ပညာ သင်တန်းများအပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ)မှ ယနေ့အထိ အမျိုးသမီးငယ် သင်တန်းသူ(၃၄၄၅)ဦး သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များအား အသက်မွေးဝမ်း ကျောင်း အထောက်အကူပြုအဆင့်မြင့် စက်ချုပ်ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုအပိုဝင်ငွေ တိုးပွားလာ စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာရပ်များကို နည်းစနစ်မှန်ကန်စွာအသုံးချပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအဖြစ် စက်ချုပ်ဆိုင်များ ထူထောင်လုပ်ကိုင်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မုန့်လုပ်နည်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်အတွက်အချက်များမှစတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တိုင်ဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့စနစ်တကျသင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထူထောင်လုပ်ကိုင်နိုင်စေရန် အပ်ချုပ်စက်များ အရစ်ကျ ရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးငယ်(လူငယ်လူရွယ်)များကို ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပ အသိပညာဗဟုသုတများတိုးပွားရရှိစေရန် လူငယ်စကားဝိုင်း၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ သတင်းအမှားအမှန်ခွဲခြားသိရှိနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ စားသုံးသူရေးရာဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းနှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ သရုပ်ပြ သင်တန်းများ ဖွင့်လှစ်သင် ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်မှာ လက်တွေ့ကျသောပညာရပ်တစ်ခုဖြစ်ပြီး သင်တန်းဆင်းပြီးသူများ အနေဖြင့် မိမိသင်ယူတတ်မြောက်ထားသော အိမ်တွင်းမှုစက်ချုပ် အတတ်ပညာရပ်များကို လက်တွေ့ အသုံးချကာ အောင်မြင်တိုးတက်သော ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထူထောင်လုပ်ကိုင် စေလိုကြောင်း” အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပခုက္ကူ) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောသည်။

အဆိုပါသင်တန်းကျောင်းကို ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁) မှ (၃၇) အထိ သင်တန်းသူ ၇၆၀ ဦး၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၁) မှ (၄၀) အထိ သင်တန်းသူ ၁၉၅၄ ဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) မှ (၁၀) အထိ သင်တန်းသူ ၃၅၅ ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၁) မှ(၅) အထိ သင်တန်းသူ ၃၇၅ ဦး၊ အိမ်တွင်းမှုကြိမ်/ဝါးသင်တန်းသူတစ်ဦး၊ စုစုပေါင်း သင်တန်းသူ ၃၄၄၅ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ၁၇၇၂ ဦးအား အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)