ပခုက္ကူခရိုင်တွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပခုက္ကူ အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်ချိုနှင့် မြို့နယ်ဦးစီးမှူး ဦးရဲအောင်တို့က ပထမအကြိမ်ကြေညာကပ်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါဝင်ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ မဲစာရင်းပါအမည်မှားယွင်းနေခြင်းတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဒေသခံမဟုတ်သောဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ယာယီနေရပ်စွန့်ခွာနေထိုင်သူများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒစာရင်းတွင်ပါဝင်နိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကြောင်းတို့ကို ရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အလားတူ မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၏ ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာများက မြို့နယ်အဆင့် ပြည်သူများ ဆန္ဒမဲပေး ပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)