ပေါင်းတည်၌ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး

ပေါင်းတည် အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးတို့အတွက် နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲ၌ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဝင်းက စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးအတွက် လယ်ယာကဏ္ဍသည် အဓိကအ‌ရေးကြီးကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးနှင့် စားသုံးသူများဘေးကင်းရေးသည် အရေးကြီးကြောင်း၊ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရာ၌ သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ဒွန်တွဲတွေ့ရှိလာရသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်း လျော့ကျကင်းစင်စေရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်သည်  ပြည်ပပို့ကုန်သီးနှံဖြစ်သည့် စပါးနှင့်ပဲကို အဓိကစိုက်ပျိုးကြသဖြင့်  ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကာ ဈေးကွက်ဝင်အောင် ယှဉ်ပြိုင်ရောင်းနိုင်ရေး ပူးပေါင်းကြိုးစားဆောင်ရွက် သွားစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သီးနှံများအထွက်တိုးရေးနှင့် စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဝေငှ ပေးခဲ့ကြသည်။

ထိုနည်းပညာပေး ဆွေးနွေးပွဲသို့ လယ်ယာသုံးစက်ကိရိယာ အ‌ခြေခံစက်မောင်းသင်တန်းသား တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာရောင်းချသူများ၊ စိုက်ပျိုးရေး၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ထိုနည်းပညာပေးဆွေးနွေးပွဲများကို တောင်သူအကျိုး စီးပွားမြှင့်တင်ပေးနိုင်ရေးနှင့် ပိုးသတ်ဆေးကင်းစင်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေးထုတ်ကုန်များရရှိရေး၊ စိုက်ပျိုး‌ရေးသွင်းအားစုများ လျှော့ချ၍ အကျိုးအမြတ်ပိုမိုရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာနိုင်စေရန် ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ရွှေသား(IPRD)